Thursday 23 August 2012

အိမ်မက်မှ နိုးထလော့ အိပ်ယာ....


ထလော့... ထလော့.... အိမ်မက်မှ နိုးထလော့ အိပ်ယာ..... ကျွန်တော်၏ အိပ်ယာ ဘလော့ဂ်လေးအား ညင်သာစွာ ပွတ်သပ်ခါ နိုးထစေခဲ့ပါပြီ။ ၂ လနဲ့ ၂၈ ရက် တိုင်ခဲ့ပြီ လာလည်သူ ဘလော့ဂ် မောင်နှမတွေနဲ့ စာဖတ်သူတွေကိုလည်း အလွန်ပင် အားနာလှပါပြီ။ ကိုယ်ကမှ တာဝန်မကျေပဲကိုး။ ဒီ နှစ်လကျော် သုံးလနီးနီးကို ဖြတ်သန်းရတာ အရမ်းကိုပင်ပန်းတယ်လို့ ခံစားမိပါရဲ့.....

အစစ အရာရာဟာ အများကြီးမဟုတ်ပေမယ့် မနည်းသော ပမာဏနဲ့ ပြောင်းလဲခြင်းသို့ ဦးခဲ့ကြပြီ။ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်တော့ မျက်နှာပေါ်မှာ အရေးကြောင်းအချို့၊ ညာလက်မှာ လက်စွပ်တစ်ကွင်းနဲ့ ဗိုက်ပေါ်မှာ အမာရွတ် တစ်ခု တိုးခဲ့ပြီ။ အချိန်ကတိုပေမယ့် လျှောက်လှမ်းလိုက်ရတာ အသက်ထွက်မတတ်ပါပဲ။

အိမ်က ဒုတိယအကြိမ်ထွက်ခွါလာတော့ အမေ့မျက်နှာကို ရဲရဲမကြည့်ရက်ခဲ့ဘူး။ အမေ့ရဲ့ အပြုံးတုနောက်က ပူဆွေးမှုတွေမြင်ရမှာဆိုးလို့။ အဖေ့လက်မောင်းကို ကိုင်ပြီးတော့ တော့မေးခဲ့ချင်တယ်။ ကျွန်တော်တကယ်ပြန်သွားရမှာလား ဖေဖေလို့။ ဘဝဆိုတာ ဆန်တက်ရစမြဲမဟုတ်လား....

ဒါပေမယ့် ကျွန်တော်ထင်သလောက် အထီးကျန်မဆန်ခဲ့ပါဘူး။ အိပ်ယာကို စိတ်ပူစွာ စောင့်မျှော်နေကြတဲ့ ဘလော့ဂ် မောင်နှမတွေနဲ့ စာဖတ်သူတွေ၊ တွေ့တာနဲ့ ဝိုင်းမေးကြတဲ့ မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ)က မောင်နှမတွေ၊ အိပ်ယာကို အသေးစိတ်ကစ စဉ်းစားပေးတတ်တဲ့ မွေးချင်းညီမလေးတွေနဲ့ ချစ်သော လဲ့ရီလေးတို့ကြောင့် ခံစားချက်တွေ သက်သာခဲ့ရပါတယ်။

အားလုံးကို တကယ်ပဲကျေးဇူးတင်မိပါတယ်။ စာတွေ၊ Ph တွေ၊ Comments တွေရောက်မလာပေမယ့် စိတ်ထဲကနေ အိပ်ယာကို သတိရပေးနေတဲ့ သူတွေကိုလည်း ကျေးဇူးပါလို့ပြောပါရစေ။ နောက်စာတွေ ဆက်ရေးနိုင်အောင် ကြိုးစားသွားပါ့မယ်။

 ပျော်ရွှင်စရာနေ့လေး ဖြစ်ကြပါစေ ခင်ဗျာ။
8Yar
23rd Aug 2012